t">
|
|
|
အနုပညာ အလုပ်လုပ်နေရင် အကယ်ဒမီဆိုတာ မဝေးပါဘူး |
၁၉၉၄ ခုနှစ်က နော်ရင်မွှေး ဇာတ်ကားနဲ့ အဓိက ဇာတ်ဆောင်ဆု တစ်ကြိမ်၊ ၁၉၉၈ ခုနှစ်မှာ ရွှေနံ့သာစံအိမ် ဇာတ်ကားနဲ့ အဓိက ဇာတ်ဆောင်ဆု တစ်ကြိမ်၊
စုစုပေါင်း ဇာတ်ဆောင်ဆုကြီး နှစ်ကြိမ် ရရှိထားတဲ့ အကယ်ဒမီ စိုးမြတ်သူဇာက၂၀၀၉ ခုနှစ်အတွက် ချီးမြှင့်တဲ့ အကယ်ဒမီ ထူးချွန်ဆု ကိုလည်း တက်ရောက် ဖြစ်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် အတွင်းမှာ စိုးမြတ်သူဇာ သရုပ်ဆောင် ဖြစ်ခဲ့တဲ့ ဇာတ်ကားများစွာ ပါဝင်ပေမယ့် ဒီနှစ်မှာ ကျောက်စက်ရေ ဇာတ်ကားနဲ့ ဇာတ်ဆောင်ဆု ရနိုင်လိမ့်မယ်လို့ အနုပညာ မောင်နှမများနဲ့ ပရိသတ်များက မှန်းခဲ့ကြပါတယ်။ အဲဒီ အတွက် အကယ်ဒမီ ထူးချွန် ဆုပေးပွဲ မစတင်မီ နေ့လယ်ပိုင်းမှာ စိုးမြတ်သူဇာ တည်းခိုတဲ့ အမရာ ဟိုတယ်မှာ တွေ့ဆုံ မေးမြန်းဖြစ်ခဲ့တာတွေကို တင်ပြ ပေးလိုက်ပါတယ်။
မကြီးစိုး အနေနဲ့ ဒီနှစ် အကယ်ဒမီ ရစရာ ဘာကားများ ရှိသလဲ။
သရုပ်ဆောင်ထားတဲ့ ကားတွေကတော့ များပါတယ်။ ကျောက်စက်ရေ၊ သူငယ်ချင်း ယောက္ခမ၊ ရှော့ရှိတဲ့ အချစ်များ၊ ၀ါဆို ဖယောင်းတိုင် စသဖြင့် ၆ ကား ၇ ကားလောက် ပါပါတယ်။ ဒါပေမဲ့ ရနိုင်တာကတော့ ကျောက်စက်ရေ တစ်ကား လောက်ပါပဲ။
ဘာဖြစ်လို့ ကျောက်စက်ရေ တစ်ကားတည်းလို့ ပြောတာလဲ။ ဟာသကားတွေလည်း အကယ်ဒမီ ပေးတယ်လေ။
ကျောက်စက်ရေ ကတော့ ဒရာမာကား ဖြစ်တဲ့အတွက် မျှော်လင့်လို့ ရပါတယ်။ ကျန်တဲ့ ကားတွေကတော့ ရလောက်တဲ့ Characterမျိုးတွေ သိပ်မပါတဲ့ အတွက် ဖြစ်နိုင်ခြေ သိပ်မရှိပါဘူး။
အဲဒါဆိုရင် ကျောက်စက်ရေနဲ့ မျှော်လင့် ထားတယ်ပေါ့။
အမှန်အတိုင်း ပြောရမယ် ဆိုရင် အစကတော့ မျှော်လင့်မိခဲ့ ပါတယ်။ အခုတော့ မမျှော်လင့် ရဲတော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါက ကံအကြောင်းတရားလည်း လိုသေးတယ်လေ။ လုပ်ထားတာ ကောင်းတာရယ်၊ ကံလေးပါမယ် ဆိုရင်တော့ ရမှာပေါ့။
မကြီးစိုးကို အပြင်မှာ ပရိသတ်တွေကရော အနုပညာ သမားများကပါ အကယ်ဒမီ ရလိမ့်မယ်လို့ တစ်ပေးနေတဲ့ အပေါ်မှာကော။
အဲဒီ အတွက်ကတော့ စိတ်ချမ်း သာပါတယ်။ ပရိသတ်ကြီးက ကိုယ့်အပေါ်မှာ နားလည်ပြီးတော့ ချစ်ခင်စွာနဲ့ အားပေးကြတဲ့ အတွက် စိတ်ထဲမှာ ပီတိ ဖြစ်ရတယ်။ ဒါပေမဲ့ မစိုး အတွက်ကတော့ ပြဿနာ မရှိပါဘူး။ ရမယ် ဆိုတော့လည်း ယူရုံပဲ။ မရဘူး ဆိုတော့လည်း ရတဲ့ လူတွေကို လက်ခုပ် တီးပေးကြရုံပါပဲ။ အနုပညာသမား အချင်းချင်း ဒီနှစ် မရလိုက်လို့လည်း ဘာစိတ်ဆင်းရဲစရာ ရှိမှာလဲ မုဒိတာ ပွားရုံပေါ့။ အနုပညာ သမားဆိုတာလည်း နည်းနည်းလေးပဲ ရှိပါတယ်။ ဒီအနုပညာ အလုပ်ကို လုပ်နေသရွေ့ကာလပတ်လုံး အကယ်ဒမီ ဆိုတာ မဝေးပါဘူး။
ဒီနေ့ည ပေးမယ့် အကယ်ဒမီ ရခဲ့ရင်ကော၊ တကယ်လို့ မရခဲ့ဘူး ဆိုရင်ကော။
ရခဲ့ရင်လည်း ယူရုံပါပဲ၊ မရခဲ့ရင်လည်း ဒီလိုပါပဲ။ ရခဲ့ရင်ဖြစ်ဖြစ်၊ မရခဲ့ရင် ဖြစ်ဖြစ် မနက်ဖြန်မနက် ပြင်ဦးလွင်ကို တက်ပြီး ကားရိုက် ရမှာပါပဲ။ အလုပ်တွေက ရှိသေးတယ်လေ။ မရလို့ ဆိုပြီးတော့ ရိုက်ဖို့ရာမှာ စိတ်ဓာတ် ကျမသွား ပါဘူး။
ပြင်ဦးလွင်မှာ သွားရိုက်မယ့် ကားနာမည်က ဘာလဲ။
ကားနာမည်က ဟိုင်း ဘော့စ်ပါ။ ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်မယ့်ကားပါ။ ပါဝင်မယ့် သရုပ်ဆောင် တွေက နေတိုးတို့၊ မိုးဟေကိုတို့ ပါမယ်လေ။
အနုပညာသမား ဆိုတာ ကိုယ် ရိုက်ထားတဲ့ ကား ရှိတော့ အကယ်ဒမီ ဆိုတာ မျှော်တာပေါ့။ အဲဒီအတွက် မရခဲ့လို့ ရှိရင် စိတ်ဓာတ်ကျ သွားနိုင်လား။ ဒါမှမဟုတ် ဒီနှစ်မှ မရလိုက်ရင် နောက်နှစ် တွေအတွက် ပိုပြီးကြိုးစား သွားဖြစ်မှာလား။
အနုပညာ သမားတိုင်း၊ အနုပညာ သမားတိုင်း မင်းသမီးပဲ ဖြစ်ဖြစ်၊ မင်းသားပဲ ဖြစ်ဖြစ်၊ ဇာတ်ပို့ပဲဖြစ်ဖြစ်၊ ဇာတ်ရံပဲဖြစ်ဖြစ်၊ ဒါရိုက်တာ ဖြစ်ဖြစ်၊ ဇာတ်ညွှန်းရေးတဲ့ လူဖြစ်ဖြစ် ရုပ်ရှင်နဲ့ပတ်သက် တဲ့ အနုပညာသမားတိုင်း အကုန်လုံးဟာ အကယ်ဒမီ လိုချင်ကြတာချည်းပါပဲ။ ဘယ်သူမဆိုပါ။ အနုပညာ သမားတိုင်းရဲ့ နှလုံးသားဟာ သူများထက် ပိုနုတယ်။ ထိခိုက်လွယ်တယ်၊ ရှလွယ် တယ်၊ ခံစားလွယ်တယ်။ အဲဒီအတွက် သာမန်လူတွေ ထက်စာရင် သူတို့တွေသည် လူပုံအလယ်မှာ ကိုယ့်ကို လက်ခုပ်သြဘာတီး ချီးမွမ်းတဲ့ဟာ သာမန်လူတွေ မပြောနဲ့ ဒီလို လူတွေက ပိုပြီး ကျေနပ်ကြတယ်။ သာမန်ရိုးရိုး လူတွေတောင်မှ ကိုယ့်ကို ချီးမွှမ်းတယ်၊ ချီးကျူးတယ် ဆိုရင် ကျေနပ်နေတယ်။
ကောင်းတယ်လို့ပြောရင် အကုန်လုံးက ကျေနပ်ကြတာ ချည်းပါပဲ။ အဲဒီတော့ ဒီလို မျှော်မှန်းသင့်တဲ့ အကယ်ဒမီ ဆုကြီးကို လူပုံ အလယ်မှာ သြဘာပေးပြီး၊ လက်ခုပ်တီးပြီး ရယူရတဲ့ ဒီဆုကို လူတိုင်း လိုချင်တယ်။ လူတိုင်းဆိုတာ အနုပညာ သမားတိုင်း အကုန် လိုချင်ကြတယ်။ အဲဒီတော့ လိုချင်ကြတဲ့အတွက် လိုချင် တဲ့ဟာကို ရအောင် ယူနိုင်ရမယ်။ ကားတွေ ရိုက်တဲ့ အခါမှာ ငါ ဒီနှစ်မရလို့ နောက် တစ်နှစ်ကျတော့ ဒီလိုကား မျိုး ပါချင်မှပါမှာ။ အကယ်ဒမီ ရထိုက်တဲ့ ကားမျိုး ရိုက် ခွင့်ရဦးမှ။ ကိုယ်ရိုက်ချင်တိုင်း ရိုက်လို့ရတာ မဟုတ်ဘူးလေ။ ကိုယ်က ဇာတ်ကားတစ်ကား၊ ဇာတ်လမ်း တစ်ခုထွက် လာတယ် ဆိုဦးတော့ ကိုယ့်ကို ငှားချင်မှ ငှားမှာလေ။
အဲဒီလိုပဲ ကံနဲ့လည်း ဆိုင်တယ်၊ အချိန်နဲ့လည်း ဆိုင်တယ်။ ကိုယ့်ရဲ့လုပ်ဆောင်ချက်နဲ့ ကိုယ့်ရဲ့ အနုပညာနဲ့လည်း ဆိုင်တယ်။ ဘယ်အနုပညာ ရှင်မဆိုတော့ ကြိုးစားကြတာ ချည်းပါပဲ။ ဘယ်သူမှတော့ ပေါ့ပေါ့ဆဆ လုပ်တာ မတွေ့ ဖူးပါဘူး။ ဒီတစ်နှစ် မရလို့ နောက်တစ်နှစ် ကြိုးစားမယ် ဆိုတာမျိုးထက်၊ စိတ်ဓာတ် ကျသွားမယ်ဆိုတာထက် စိတ်ဓာတ်ကတော့ မကျသင့် ပါဘူး။ အနုပညာသမား တိုင်း ရုပ်ရှင်ရိုက်နေသရွေ့ ကာလပတ်လုံး ဒီနှစ် မရလည်း အကယ်ဒမီ ရမှာ၊ မရမှာ မသေချာပေမယ့် အကယ် ဒမီဆိုတာ ကိုယ့်ရဲ့လက် တစ်ကမ်းမှာပဲ ရှိပါတယ်။ ကိုယ့်ဆီမှာ အခြေအနေတွေ လည်း ရှိတယ်၊ အချိန်အခါ အခွင့်အရေးလည်း ရှိတယ်၊ အဲဒီ အကြောင်းအရာတွေနဲ့ ဆိုရင် အကယ်ဒမီ ဆိုတာ ရမှာပဲ။ ဒါကိုပဲ ပါးနပ်စွာနဲ့ စောင့်ဖို့တော့ လိုပါတယ်။
မစိုး နောက်ထပ် ဘယ်လောက်လောက် အထိ အနုပညာ အလုပ်ကို လုပ်ဖို့ စဉ်းစားထားလဲ။
ပရိသတ်က လက်ခံ အားပေးတဲ့ အချိန်အထိ၊ ပရိသတ် လက်ခံအားပေးနေ တယ်ဆိုရင်တော့လည်း ပရို ဂျူဆာတွေက ငှားမှာပဲ။ မစိုး ကတော့ အဘွားကြီးဖြစ်တဲ့ အထိ လာငှားရင်လည်း ရိုက် နေမှာပဲ။
တချို့ဆိုရင် မစိုးတို့ အရွယ် ရောက်လာရင် ဇာတ်ပို့ခန်းတွေ၊ အမေခန်းတွေ ရောက်သွားတယ်။ မစိုးကျ တော့ ဘာကြောင့် အဓိက သရုပ်ဆောင် နေရာက လုပ်ခွင့် ရနေတာလဲ။
အဓိက သရုပ်ဆောင် နေရာကချည်း မဟုတ်ပါဘူး။ တချို့ကားတွေမှာတော့ ဇာတ်ကို ပို့ပေးရမယ် ဆိုရင်လည်း ဇာတ်ပို့ နေရာလောက် ကနေ ပါဝင် သရုပ်ဆောင် ပေးလိုက်တာပါပဲ။ ဘာဖြစ်လို့လဲ ဆိုရင် ဒီနေရာကို ကိုယ်ကချည်း အမြဲတမ်း နေရာကောင်း ဘယ်ရနိုင်ပါ့မလဲ။ မစိုးရဲ့ စိတ်က ဘယ်လိုလဲ ဆိုရင် သူများ အဓိက ဇာတ်ကောင် ဆိုရင်လည်း မစိုးက ဇာတ်ကားလေး ကောင်းမယ် ဆိုရင် လုပ်ပေးလိုက်တာပါပဲ။ သဘောက အဲဒီလိုပါ။
ကိုယ့်အခန်း နည်းပေမယ့်လည်း ကားလေးကောင်းတယ်၊ သူများကို ဘေးကနေ ပံ့ပိုး ပေးလိုက်တာ၊ ရံပေးလိုက်ရ တာဟာ ဇာတ်ကားလေး ပိုပြီး ကောင်းသွားမယ်လို့ မျှော်လင့်ရင် ရိုက်ဖြစ်တာပါ ပဲ။ မစိုးအနေနဲ့ အထူးတလည် အိုက်တင်လည်း လုပ်စရာ မရှိဘူး။ လုပ်ဆောင်ချက်လည်း မရှိဘူး။ သာမန် ယောက်ျား တစ်ယောက်ရဲ့ အိမ်ထောင်ရှင် မိန်းမ ရိုးရိုးနေတယ်။ ကိုယ့်ရဲ့နေနေကျ ပုံစံ အတိုင်းဖြစ်မယ်။ ဘယ်လို ပြောမလဲ၊ သူဌေးကတော်တို့ လည်လည်ဝယ်ဝယ်ကြီးလည်း မဟုတ်ဘူး။ သာမန်အခန်း ကဏ္ဍလောက်ကပဲ ပါရမှာ ဖြစ်ပေမယ့် ပရိသတ် စိတ်ဝင်စားမယ့် ဇာတ်ကားတစ်ကား ဖြစ်သွားမယ်ဆိုရင်တော့ ကိုယ်ကလည်း ဇာတ်ပို့ လုပ်လိုက်တာပါပဲ။ ဒါမှလည်း သူများကကိုယ့်ကို ပြန်ပို့ပေးတဲ့ ဇာတ်လမ်း ရိုက်ခွင့် ရတယ်လေ။ ဒီသဘောပါပဲ။
မစိုး ဒီအရွယ် ရောက်လာတဲ့ အခါမှာ ဖက်ရှင်ကို ပိုပြီး ဦးစား ပေးဖြစ်သလား၊ ဘာဖြစ်လို့လဲ ဆိုတော့ ခုနောက်ပိုင်း မစိုးဝတ်ဖြစ်တဲ့ ရိုးရိုးယဉ်ယဉ် ဖက်ရှင်တွေကို ပရိသတ်က စောင့်ကြည့်ဖြစ်ကြ တယ်လေ။ ဒီလို စိတ်ဝင်စားစရာ ဖြစ်တာ ဘာကြောင့်လဲ။
မစိုးက ဖက်ရှင်တွေ၊ အလှအပတွေကို အဲဒီလောက် စိတ်ဝင်စားတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အလုပ်တစ်ခု လုပ်တော့မယ် ဆိုရင်၊ အ၀တ်ဝတ်တော့မယ် ဆိုတာက အစ စဉ်းစားတယ်။ ဒီထဘီလေးနဲ့ ဒီအင်္ကျီလေးနဲ့ ဒီလို ပုံစံမျိုးလေး ဆိုရင်ပေါ့။ ခေတ်ကိုလည်း မျက်ခြည် ပြတ်လို့ မရဘူးလေ။ ခေတ်ကာလက လူတွေက ဘယ်လို။ ဒီခေတ်မြန်မာ အမျိုးသမီးလေးတွေ မြန်မာ အင်္ကျီကို ဘယ်လို ၀တ်နေကြလဲ။ ဒီခေတ်မှာ မြန်မာ အမျိုးသမီးလေးတွေက မြန်မာ အင်္ကျီတွေကို မြတ်မြတ်နိုးနိုး ၀တ်ဆင်ပြီး ပွဲတွေမှာ တွေ့နေရတာ စိတ်ဝင်စားစရာ ပါပဲ။ မြန်မာ အမျိုးသမီးလေး တွေက မြန်မာ ၀တ်စုံနဲ့ အလိုက် ဖက်ဆုံးပါပဲ။ ဟယ်...မြန်မာ အမျိုးသမီးလေးတွေက အင်္ကျီကို လည်ပင်း စေ့စေ့လေးနဲ့ ၀တ်ပြီး ပွဲတွေကို တက်တယ်။ အဲဒါ စိန်ကြိုး ၀တ်နိုင်စရာ မလိုပါဘူး။ ပုလဲကြိုးလေး တစ်ကုံး ဆွဲလိုက်ရင်လည်း အဲဒီ မိန်းမက အင်မတန် ကျက်သရေ ရှိတာပါပဲ။
လူတိုင်း လူတိုင်းမှာ ကိုယ်ပိုင် အလှ၊ ကိုယ်ပိုင် အရည်အချင်း အကုန်ရှိတယ်။ ရုပ်ဆိုးတယ်တို့၊ ချောတယ်တို့ဆိုတာ ဘာကိုကြည့်ပြီး သတ်မှတ်တယ် တော့မသိဘူး။ ကိုယ့်မျက်လုံး ထဲမှာ ရုပ်ဆိုးနေတယ် ဆိုပေမယ့် သူများမျက်လုံးထဲမှာ ကျတော့ လှရင် လှနေမှာပေါ့။ ဒီသဘောပါပဲ။ ဒီတော့ အား လုံးမှာ ကိုယ်ပိုင်ဂုဏ်၊ ကိုယ်ပိုင် အရည်အချင်း ရှိတယ်။ ငါကတော့ မလှဘူးဆိုပြီး စိတ်ဓာတ်ကျစရာ မရှိပါဘူး။ အဲဒီလိုပဲ တွေးတယ်။ အဲလိုပဲ မြင်ပါတယ်။
အဲဒီတော့ ကိုယ့်အရည်အချင်းနဲ့ ကိုယ်၊ ကိုယ့်သိက္ခာနဲ့ကိုယ် အဲဒီ အပေါ်မှာ အလှအပနဲ့ ပတ်သက်လို့ အဓိကကတော့ သန့်သန့်ရှင်းရှင်းနဲ့ သပ်သပ်ရပ် ရပ် ဖြစ်ဖို့ပဲ။ မိန်းကလေး တစ်ယောက် အတွက်က အိုင်း ရှဲဒိုးကြီးတွေ၊ မိတ်ကပ်ကြီးတွေ အများကြီး လိမ်းပြီးတော့ နေလည်း လှချင်မှ လှလာမှာ လေ။ အ၀တ်အစားကြီးတွေ ဈေးကြီးတာတွေ ၀တ်မှ၊ အကောင်းဆုံး ၀တ်စုံတွေ ၀တ်မှ လှတာမှ မဟုတ်တာ။ ကိုယ့်မှာ ရှိတဲ့အရာလေးနဲ့ သင့်တင့်လျောက်ပတ်စွာ ၀တ်စားတတ်ရင်ကိုပဲ အဲဒီ မိန်းမဟာ ကျက်သရေရှိပြီး တော်တော်လေးကို လှနေမှာပဲ။ အဲဒါမျိုးလေးကို မစိုးက အမြဲပေးချင်တာ။
အ၀တ် အစားတွေဝတ်တဲ့ အခါမှာလည်း မြန်မာ အမျိုးသမီး ဖြစ်တဲ့အတွက် လုံခြုံရမယ်။ အသက် အရွယ်နဲ့ လိုက်ဖက်ရမယ်။ ဟိုးခေတ်နောက်ကို ပြန်ဆွဲတာလည်း မဟုတ်ဘူး။ ဒါပေမဲ့ ခေတ်လည်း မီရမယ်။ လုံခြုံ သပ်ရပ်ရမယ်။ အဲဒီလို ၀တ်စုံမျိုးကို ခေါင်းထဲမှာ ဘာရယ်တော့ မဟုတ်ဘူး စဉ်းစားတယ်။ ပြီးတော့ ဒီဇိုင်းလေးကို ဒီလိုမျိုးလေး လုပ်လိုက်ရင် ကောင်းမယ်၊ အဲဒါမျိုးပေါ့။
မစိုးက ခေတ်မီတယ် ခေတ်ဆန်တယ် ဆိုပေမယ့် အဲဒီ အပေါ်မှာ အရောင်ဆန်းလေးတွေ၊ အရောင်လွင်လွင် လေးတွေ၊ မြန်မာဆန်ဆန်တွေ ၀တ်ဖြစ်နေတာကရော။
နောက်ပိုင်းကတော့ ဘယ်လို ဖြစ်နေသလဲ ဆိုတော့ အရင်တုန်းက ဆိုရင် ဘာ ရောင်ကြိုက်လဲလို့ မေးရင် အရောင်ကာလာ ရွေးမယ်ဆိုရင် ခပ်မှိုင်းမှိုင်းတို့၊ အစိမ်းပုပ်တို့၊ အရောင် ခြောက်ခြောက်တို့ မှိုင်းတဲ့ အရောင်တွေကို ကြိုက်တယ်။ ဒါပေမဲ့ အသက် ဒီအရွယ် ရောက်လာတဲ့ အခါ မစိုးတို့ သက်တူရွယ် တူတွေကို ထည့်ပြီး စဉ်းစား ပေးရတယ်။ ဒီအရွယ်တွေသည် များသောအားဖြင့် အသက်လေးဆယ် အရွယ်ဟာ ပန်းရောင် ဖျော့ဖျော့လေးတွေ ၀တ်ရင်လည်း လှတယ်။
သူများမ၀တ်တဲ့ အစိမ်းရောင်၊ တချို့ကျတော့လည်း အဲဒီ အရောင်တွေ မကြိုက်ကြဘူး။ အဲဒီတော့ မစိုးကလည်း အဲလို လူတွေအတွက်လည်း တွေး ပြီးတော့ ကြည့်သင့်တယ်ဆို တဲ့အရာလည်း တွေးတယ်။ ငှက်ပျောဖူးစိမ်းတို့ အဲဒါမျိုး မစိုး ကိုယ်တိုင်က ကြိုက်လားလို့ မေးရင် ဘယ်က ကြိုက် ရမှာလဲ။ ဒါပေမဲ့ ၀တ်ပြလိုက်တယ်။ အဲဒီတော့ သူများတွေလည်း လိုက်ဝတ်ကြတာပေါ့။ အဲဒီတော့ ၀တ်စရာ ကာလာ တစ်ခုလည်း မတိုးလာပေဘူးလား။
ဒီအရွယ်မှာ လွင်လွင် လေးတွေ ၀တ်ရင်လည်း လှတယ်။ မှိုင်းမှိုင်းတွေ ၀တ်ရင်လည်း လှတယ်။ မစိုးတွေးမိ တာက ဒီအရွယ်မှာ အနီရဲရဲလို တောက်တောက် ပြောင်ပြောင်ကိုတော့ မတိုက်တွန်း ပါဘူး။ လွင်ပြီးတော့ ကိုယ့်ရဲ့ အသက်အရွယ်ကိုလည်း နုပျို စေနိုင်မယ့် ကာလာလေးတွေ ကိုတော့ ၀တ်စေချင်ပါတယ်။ပြီးတော့ ပန်းရောင်ဖျော့ဖျော့ လေးတွေ၊ ခရမ်းရောင်ဖျော့ ဖျော့လေးတွေလည်း ခုနောက် ပိုင်းမှာ မစိုးကလည်း လိမ္မော်သီးရောင်လည်း မဟုတ်ဘူး၊ လိမ္မော်ခြောက်ရောင် ဖျော့ ဖျော့လေးတွေကို အင်မတန် လှတယ်လို့ မြင်တယ်။
အဲဒါ မျိုးလေးတွေ ၀တ်ကြည့်သင့်တယ်။ သူများ မ၀တ်သေးတဲ့ အရောင်တွေ၊ အရင်တုန်းက ဆိုရင်လည်း ခရမ်းရောင်တွေ ဆိုရင် အင်မတန် ၀တ်ခဲကြတယ်။ အစိမ်းရောင်တောက် တောက်ကြီးတွေ ၀တ်ခဲတယ်။ ဒါပေမဲ့ တကယ်တမ်း ၀တ်ကြည့်လိုက်တဲ့ အခါ လှတာပါပဲ။ ပြန်စဉ်းစားလိုက်တဲ့ အခါမှာတော့ ဗြောင်လေးတွေ စဉ်းစားမိတယ်။ ဗြောင်ပေါ်မှာ ဒီဇိုင်းလေးတွေ အရမ်း များလာပြီ။ အဲဒီ အခါကျတော့ ဘာပြန်စဉ်းစားလဲ ဆိုရင် ဗြောင်ဝမ်းဆက်လေးတွေကို စဉ်းစားလာတယ်။
အဲဒီ ဗြောင်ဝမ်းဆက်တွေမှာမှ ဆွဲဆောင်မှု မရှိမှာ စိုးလို့ အထပ်ထပ်နဲ့ အတွန့်တွန့်လေးတွေ စဉ်းစားတယ်။ အဲဒီတော့ သူ့ဆီမှာ ဗြောင်တော့ ဗြောင်ပဲ၊ အထပ်ထပ် အတွန့်တွန့်တွေ ပါလာတော့ စိတ်ဝင်စားစရာ ဖြစ်သွားတယ်။ လိုအပ်ရင် ဖန်ချောင်းလေးတွေ ထိုးမယ်၊ ပုလဲ သေးသေးလေးတွေ ယဉ်ယဉ်လေး ဖြစ်သွားအောင် ကပ်မယ်၊ မထော်မနမ်းကြီး တွေတော့ မကြိုက်ပါဘူး။ ဒါမျိုးလေးတွေ ကျတော့ အဖိုး လည်းနည်းတယ်၊ ၀တ်ရင်လည်း လှတယ်။ အဲဒါမျိုးတွေကို စဉ်းစားပြီး ၀တ်ဖြစ်တယ်။
အဲဒါမျိုးလေးတွေ ၀တ်ပြလိုက်တဲ့ အခါကျတော့ ပရိသတ်လည်း ကိုယ့်အရွယ် အမျိုးသမီးတွေကျတော့ ဆင်းရဲ ချမ်းသာမရွေး ၀တ်နိုင်တယ်။ အကောင်းစားတွေချည်းပဲ မစိုး မပြောလိုပါဘူး။ ရိုက်တဲ့ အခါမှာလည်း မ၀တ်ဖြစ်ပါဘူး။ တချို့ဆိုရင် ဈေးထဲမှာ ရောင်းတဲ့ အထည်ပါပဲ။ အရောင်လည်း စုံတယ်၊ ဈေးလည်းချိုတယ်။ အဲဒီ အခါမှာတော့ အမျိုးစုံအောင် ၀တ်ပြလိုက်တာပါပဲ။ ချည်ထည်လေးတွေ ဆိုရင် ၀တ်ပြလိုက်တာပါပဲ။ အဲဒီအခါ ဒီဇိုင်နာကတော့ နည်းနည်းခေါင်းစားတာပေါ့။ သူတို့လည်း စဉ်းစား၊ ကိုယ်လည်း စဉ်းစားပြီး ချုပ်လိုက်တာပါပဲ။
အဲဒါဆိုရင် လောလောဆယ် မစိုး ဒီဇိုင်းကို ဘယ်သူ ချုပ်ပေးနေတာလဲ။
ခုလောလောဆယ်ကတော့ ဒီဇိုင်နာ ကျော်ကျော်ပေါ့။ ကျော်ကျော်ရယ်၊ ထူးမွန်ရယ် ချုပ်ပေးကြပါတယ်။ အဲဒီအခါမှာ ကိုယ်စဉ်းစားတဲ့ ဒီဇိုင်းတွေကို သူတို့ စီစဉ်ပေးတဲ့ ဒီဇိုင်းတွေနဲ့ ရောဝတ်ဖြစ်ပြီး လှတယ်လို့ပြောကြတော့ ၀မ်းသာစရာပါပဲပေါ့လို့ ပြောပြခဲ့ပါတယ်။
Source from
(ရွှေအမြုတေ မဂ္ဂဇင်း၊မတ်လ ၂၀၁၁)
Top |
1 » 2 » 3 » 4 » 5 » 6 » 7 » 8
|
|
Copyright 2009 All Right Reserved by MYANMAR MOVIES. Prepared by
DPS. Developed by SLM (20th July 2010)
|